
"ချစ်တယ်" ဆိုတဲ့စကား
အလှအပတွေထုံမွှန်းထားတဲ့
ပန်ကြားလွှာလေးတစ်ရွက်
ရုတ်တရက် ဖတ်မိခဲ့တုန်းက
ကျွန်မရဲ့အဖော်က....... ရင်ခုန်ခြင်း...
ညအခါလေးဝေးရတာကို
တစ်ဘ၀ တစ်ကမ္ဘာလားတွေးရတယ်ဆိုတဲ့
စာပုလဲသွယ်တစ်ကုံး
အပြုံးနဲ့ဖတ်ခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က....... ကြည်နူးခြင်း...
"မေ့လိုက်တော့" ဆိုတဲ့စကား
တန်ဆာတွေဆင်မထားတဲ့
လမ်းခွဲစာလေးတစ်ရွက်
တုန်လှုပ်စွာဖတ်ခဲ့ရတုန်းက
ကျွန်မရဲ့အဖော်က........ ကြေကွဲခြင်း...
"မင်္ဂလာ" ဆိုတဲ့စကား
ပကာသနတွေခြုံလွှမ်းထားတဲ့
လက်ထပ်ဖိတ်စာလေးတစ်ရွက်
မျက်ရည်နဲ့ဖတ်နေခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က........ အထီးကျန်ခြင်း...
ကဲ.... ဘယ့်နှယ်လဲမောင်...
ရှင်ထားရစ်ခဲ့တဲ့ ကျွန်မ
ဘယ်တုန်းကမှ အဖော်မမဲ့ခဲ့ပါဘူး..နော်.....
****၂၀၀၄ သြဂုတ်လရဲ့ အပျိုစင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ ကျွန်မရဲ့ကဗျာဟောင်းလေးပါ****
No comments:
Post a Comment