Monday, February 27, 2012

ပါပဂြိုလ်

ကြာသပတေးသမီးကျွန်မ
အသက်၁၉နှစ်မှာ ရာဟုဂြိုလ်ထဲရောက်တယ်
ပါပဂြိုလ်တို့ဘာသာဘာဝ
အ၀င်များကြမ်းချက်တော့
ကျွန်မအသည်း ဟက်တက်ကွဲတယ်ပေါ့..

အဲသည်ကတည်းကစ
၁၂နှစ်တာကာလတလျှောက်
ကိုယ်ချစ်နဲ့သူချစ်တွေတလွဲ
ထပ်တူမကျနိုင်ခဲ့ဘဲနဲ့
အလွဲတွေနဲ့အသားကျလို့
အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်ခဲ့တယ်..

ကျွန်မရဲ့ရာဟုက
နှလုံးသားနုနုကိုမှ
ရွေးပြီးခိုက်ရသတဲ့လား..

အသက်၃၁နှစ်ကျမှ
ရာဟုလက်ကလွတ်မတဲ့..
ဟင့်အင်း..
မလွတ်ချင်လဲနေပါတော့
ကျွန်မက..
ပါပဂြိုလ်မှာ ပျော်နေတတ်ပြီလေ..

ပွင့်မြူးဇင်
၂၇.၁၂.၂၀၁၂

Wednesday, November 2, 2011

မြစ်

ဘ၀ကမြစ်တစ်စင်းဆိုရင်
အတားအဆီးတွေ့တိုင်း ကွေ့ပစ်လိုက်မယ်
ကွေ့တာကိုက မြစ်သဘာဝ..

ပွင့်မြူးဇင်
၂.၁၁.၂၀၁၁

Friday, October 21, 2011

နင်နဲ့ငါ

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်.. ထူးတယ်..
ရူးတယ်လို့တော့ မသတ်မှတ်ပါနဲ့
ရက်စက်ခဲ့တာလဲ
ကြာပဲကြာလှပေါ့..

မမေ့ချင်ပါဘူး..
မုန်းဖို့လဲ မကြိုးစားခဲ့တာယုံ..
ပုံပေးထားခဲ့တဲ့အချစ်တွေအတွက်
ခပ်စပ်စပ်ရိုက်ချက်လေးနဲ့
နာကျင်မှုတွေပေးခဲ့သူက
ခုတော့လဲ..
သူမဟုတ်သလိုပါပဲလား..

ချစ်သူရေ..
နင့်အတွက်ငါက
လွတ်တဲ့ငါးမို့ကြီးသတဲ့လား..
အရူးမလုပ်ချင်စမ်းနဲ့ကွယ်..
နင့်အတွက်ဆို
အလိုလိုအဆင်သင့်ဖြစ်နေချင်တတ်တာ
နင်အသိပဲမဟုတ်လား..

ငါ.. သတ္တိရှိပါတယ်..
မိုက်ရူးရဲတော့မဖြစ်ချင်ဘူး..
တနေ့နေ့ပေါ့ကွယ်..
နင်တည့်တည့်သာလျှောက်လာခဲ့..
လုံးနေတဲ့ကမ္ဘာကြီးရဲ့တနေရာမှာ..
ငါတို့..
မျက်နှာချင်းဆိုင်..
ပြန်ဆုံဖြစ်ဦးမှာပါ..

ပွင့်မြူးဇင်
၂၁.၁၀.၂၀၁၁

Wednesday, October 12, 2011

အရယ်ရဆုံးဟာသ

အသဲကွဲဖူးသလားတဲ့
အသဲခွဲဖူးသူကမေးတယ်...

နင်ခွဲလို့ကွဲဖူးတဲ့အသဲ
ဒဏ်ရာတွေတောင်မကျက်သေးဘဲ
သွေးသံတရဲရဲဆိုတာ
နင်တကယ်မမြင်ဘူးတဲ့လား..

ပွင့်မြူးဇင်
၁၂.၁၀.၂၀၁၁

Thursday, September 8, 2011

အိမ်ပြန်ချိန်

ဘယ်လိုအရာတွေကို
ဘယ်သကာတွေဘယ်လောက်ဖုံးဖုံး
အိမ်ပြန်ချိန်တွေသာ
ဘ၀မှာအချိုဆုံးပေါ့..

ခဏလေးပဲဆိုဆို..
အကြာကြီးပဲဝေးဝေး..
အတွေးထဲမှာတောင်
တဆောင်တယောင်နဲ့ခမ်းနားနေတတ်တာလဲ
အဲဒီအိမ်ပြန်ချိန်တွေပဲလေ..

မကြာတော့ပါဘူး..
မြေနီလမ်းလေးဆီ..
ဝါးရုံပင်ရိပ်ဆီ..
သရက်နဲ့သင်းတဲ့ခြံဝင်းလေးဆီ..
မျှော်နေမယ့်မျက်ဝန်းလက်လက်လေးဆီ..
ကိုယ်.. ရောက်အောင်ပြန်ခဲ့မည်..

ပွင့်မြူးဇင်
၇.၉.၂၀၁၁

Monday, September 5, 2011

မဖြေနိုင်သောမေးခွန်းများ

သားလေးကမေးတယ်
ဘယ်တော့ပြန်လာမှာလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

သူငယ်ချင်းကမေးတယ်
အသည်းကွဲဝေဒနာ ဘယ်လောက်ကြာရင်ပျောက်မလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

နှလုံးသားကမေးတယ်
နင့်အချစ်တွေဘယ်မှာလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

မသိစိတ်ကမေးတယ်
နင့်အတ္တတွေဘယ်တော့ကုန်မှာလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

တကယ်တမ်းကျတော့
အဖြေမရှိတာမဟုတ်ဘူး..
အဖြေမသိတာလဲမဟုတ်ဘူး..

မဖြေချင်တာ..
မဖြေရက်တာ..
မဖြေရဲတာ..
အဖြေခက်တာ..

ထပ်မမေးကြပါနဲ့တော့..
ကျွန်မရဲ့ယုန်ကလေးကို
ခဏလေးဖြစ်ဖြစ်
နှာစေးနေခွင့်လေးပေးကြပါ..

ပွင့်မြူးဇင်
၀၅.၀၉.၂၀၁၁
၁၂း၂၅

Wednesday, August 24, 2011

...

အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...

ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..

နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..

ဘ၀လမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..

ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..

မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..

အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..

အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..

ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁