Saturday, July 5, 2008

လမ်း

နွေးထွေးခဲ့ဖူးတဲ့အတိတ်ကြောင့်

ဆွေးမြေ့နာကျင်နေရတယ်ဆိုရင်...

တောင်းပန်ပါတယ်..ချစ်သူ...

ကျွန်မကိုယ်တိုင်လည်း..

လောင်ကျွမ်းနေရတာ..

ပြာကျလုမတတ်ပါပဲ.......



ဦးနှောက်ရဲ့စေညွှန်ရာကို..

မငြင်းစတမ်း အတင်းလှမ်းခဲ့သူအတွက်..

နောင်တဆိုတာ..

အထိုက်တန်ဆုံးဆုလာဘ်ပါပဲ...



အချိုဆုံးဆိုတဲ့အချစ်တွေကို..

(ရှင့်ဆီက) ရခဲ့ဖူးလေတော့..

ကျွန်မနှလုံးသားကလေ..

အချစ်ကို ကြိုက်တတ်သွားခဲ့ပြီ....



ဘာပဲဖြစ်ဖြစ်ပေါ့ချစ်သူရယ်..

ကျွန်မကိုယ်တိုင်ရွေးခဲ့တဲ့လမ်းက..

ကြမ်းချင်သလောက်သာကြမ်းပါစေတော့..

မျက်စေ့စုံမှတ်ပြီး..

ဇွတ်အတင်း စွတ်နင်းပစ်လိုက်တော့မယ်..

နောင်တတွေအပြည့်နဲ့တော့..

ဖြစ်ချင်ဖြစ်မှာပေါ့.........

Saturday, June 28, 2008

အပူရောင်အတ္တ

သူငယ်ချင်းရေ..
နင်နဲ့ပတ်သတ်တာဆိုလို့
ငါ့မှာ...
အိပ်မက်ကလေးတစ်ခုတောင်
အပိုင်မှမရခဲ့ဖူးတာလေ...

ပူလောင်လွန်းတဲ့..
အဖြူရောင်အရိပ်အောက်က
ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလို
နီးရက်နဲ့မဆုံနိုင်တဲ့ဘ၀မျိုးထဲ..
ငါပျော်နေတယ်နင်ထင်လို့လား...

နင်မရှိတဲ့အရပ်မှာ..
နင်မသိတဲ့အချစ်တွေနဲ့
ရွက်လွှင့်နေတဲ့ငါ့နှလုံးသားက
နင့်ကိုလွမ်းတဲ့အခါများဆို..
ငါ့ရင်ခွင်ပြိုမတတ်ပါပဲ...

ဒါပေမယ့်... ငါကလေ...
ငါ့နှလုံးသားရဲ့ ဘာသာစကားကို..
နင်နားမလည်စေချင်ဘူး...
ငါ့အတ္တ ငါ့မာနနဲ့
အနားသတ်ထားတဲ့ ငါ့နှလုံးသားအကြောင်း..
ဒီဘ၀အဆုံးထိ..
နင်လုံးလုံးမသိစေချင်လို့.......