Thursday, August 30, 2012

ကိုယ်တိုင်ဖြေဖို့


အချစ်ဆိုတာ...

တချို့တချို့တွေအတွက်..
ပန်းသီးတစ်လုံးကို အဆိပ်တွေလောင်းပေးတဲ့
စုန်းမကြီးရဲ့မှော်အတတ်လိုမျိုး..

တချို့တချို့တွေအတွက်..
နှင်းဆီဖြူတွေကို ဇွတ်အတင်းအရောင်ပြောင်းပေးတဲ့
ဘာမှန်းမသိတဲ့ရောင်ခြယ်တွေ..

တချို့တချို့တွေအတွက်..
မီးသွေးခဲကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးတဲ့
အပူချိန်နဲ့ဖိအား..

တချို့တချို့တွေအတွက်..
အဖြူရောင်ကင်းဗက်စကို ဆေးရောင်စုံခြယ်သပေးတဲ့
ပန်းချီဆရာရဲ့လက်တွေ..

တချို့တချို့တွေအတွက်..
လိုရာရောက်အောင်လမ်းညွှန်ပေးတဲ့
လမ်းပြကြယ်လေး..

တကယ်တမ်းကိုယ်လိုချင်နေတာက..
အဆိပ်မထည့်ခင်က ပန်းသီး..
အဖြူသက်သက်နှင်းဆီပွင့်တွေ..
စိန်ပွင့်ဖြစ်မသွားခင်ကမီးသွေးခဲ..
ဆေးမစွန်းခင်ကအဖြူရောင်ကင်းဗက်စ..
ကြယ်မလင်းတဲ့မှောင်အတိကောင်းကင်..
ဘာကြောင့်ရယ်မှ ပြောင်းလဲမသွားသေးခင်က ပကတိဆိုတဲ့အရာ..

အဲသည်တော့..
ကိုယ့်အတွက်
အချစ်ဆိုတာ တကယ်ရောလိုအပ်ပါရဲ့လား..

ပွင့်မြူးဇင်
၃၀.၀၈.၂၀၁၂


No comments: