Tuesday, September 28, 2010

ငြီးငွေ့ ခြင်းများ ၁

ခင်ဗျားတို့ အပြောများတဲ့
အသားအရေ ထိန်းသိမ်းခြင်းအကြောင်း
ငြီးငွေ့တယ်…

ဆံပင်တွေအတွက် ဗီတာမင်လိုတယ်လို့
အရေးတယူပြောနေတဲ့ကြား
နှလုံးသားတွေ ကျန်းမာသန်စွမ်းဖို့
ဘာလိုအပ်ပါသလဲ

ဗောက်ကင်းစင်လို့
ဘ၀ဟာပျော်စရာကောင်းသတဲ့လေ
နေပျော်ဖွယ်ရာ မကောင်းတဲ့အနှောက်အယှက်ဟာ
ဗောက်ထခြင်းသက်သက်ပဲတဲ့လား…

နေရောင်ဒဏ်ကာကွယ်ဖို့ ယူဗီခရင်အားကိုးတဲ့
အင်တာဗျူးခံ ဖြူနုချောဥ ကောင်လေးရယ်
လောကဓံကို ခုခံဖို့
ငါတို့ဘာသုံးရမလဲ

မီးကတော့ လွတ်လပ်ပေါ့ပါးတဲ့
ဖရီးစတိုင်ပဲကြိုက်သတဲ့
ငါတို့မနက်ဖြန်တွေ လွတ်လပ်ဖို့ရော
ဘာစတိုင်ဝတ်ရမလဲကွာ…

ကဲထားပါတော့
ခင်ဗျားတို့ အပြောများတဲ့
အသားအရေထိန်းသိမ်းခြင်းအကြောင်း
နောက်လထုတ်တစ်အုပ်အုပ်မှာ ပါဦးမှာ အသေအချာပဲ။ ။


Aniko
24 Feb 09
00:04 am

...

ပင်ပန်းလှပြီ..
မတူညီတဲ့အနားတွေကို
ဇွတ်အတင်းဆွဲညှိထားရလို့
ကွဲထွက်လုဆဲဆဲဗဟုဂံတစ်ခုကို
ရင်ဘတ်နဲ့ထိန်းထားရတာ
ပင်ပန်းလှပြီ..

နေရိပ်ကိုလိုချင်ရင်
နေပူထဲကစောင့်တဲ့
ငါ့မှာ ပူလောင်ရလွန်းလို့
အငွေ့ပျံပျောက်ကွယ်သွားတော့မတတ်ပေမယ့်..
နေရိပ်အေးအေးကတော့ ဝေးဝေးနေဆဲ..

ခြေကုန်လက်ပန်းကျနေတဲ့
ငါ့နှလုံးသားက
လက်လျှော့လိုက်ချင်ပြီဆိုတာကို
ဦးနှောက်ကထိန်းထားခဲ့လို့ရယ်..
ထပ်တိုးလာတဲ့ သံယောဇဉ်တစ်ကြိုးကြောင့်ရယ်
ငါ..
နောက်ဆုးံအချိန်အထိတော့
ကျားကန်ကြည့်ဦးမယ်..

Monday, September 27, 2010

ကျေးဇူးတင်လွှာ

ချစ်သူရေ...
မင်းက ထူးခြားတဲ့ ငါ့ရဲ့ ချစ်သူပါ...

မင်းဟာ...
တစ်ခါတစ်လေ အီကွေတာ.. တစ်ခါတစ်လေ ဝင်ရိုးစွန်း..
တစ်ခါတစ်လေ ပင်လယ်နက်.. တစ်ခါတစ်လေ ဧဝရက်..
တစ်ခါတစ်လေ ဟစ်တလာ.. တစ်ခါတစ်လေ မိုနာလီဇာ..
တစ်ခါတစ်လေ ဝိုင်တခွက်.. တစ်ခါတစ်လေ ချက်အရက်..
တစ်ခါတစ်လေ သူငယ်တန်းကဗျာ.. တစ်ခါတစ်လေ နိုင်ငံရေးသမိုင်း..
တစ်ခါတစ်လေ အီရတ်.... တစ်ခါတစ်လေ ရှန်ဂရီလာ..
တစ်ခါတစ်လေ ငလျင်မှတ်တမ်း.. တစ်ခါတစ်လေ မိုလေဝသကြေငြာချက်..
တစ်ခါတစ်လေ တိုက်တေနီယမ်... တစ်ခါတစ်လေ လစ်တမတ်စက္ကူ..
တစ်ခါတစ်လေ မက်မွန်သီး... တစ်ခါတစ်လေ ဝက်ဆီဖတ်..
တစ်ခါတစ်လေ ရွှေဥဒေါင်း... တစ်ခါတစ်လေ အကြည်တော်..
တစ်ခါတစ်လေ အောက်ဆီဂျင်.. တစ်ခါတစ်လေ နိုက်ထရိုဂျင်..
တစ်ခါတစ်လေ ............. ..................................
............................... ..................................

ချစ်သူရေ...
အရင်တုန်းက ငါဟာ သာမာန်ကျောက်ခဲတစ်လုံး ဆိုရင်တောင်
အပူချိန်နဲ့ရာသီဥတု အပြောင်းအလဲ ပြင်းထန်မှုကြောင့်
အဖိုးတန်အသွင်ပြောင်း ကျောက်ကောင်းကောင်းတစ်လုံး
ဖြစ်နေခဲ့ရောပေါ့......

PPA
12:06 AM
6/5/10

လွဲ

ရင်ခုန်သံတွေထပ်တူကျခဲ့ပါရက်နဲ့
မျက်ဝန်းကစကားကို
ဘာသာပြန်တချက်အလွဲမှာ
တသက်ခွဲဖို့ဖြစ်လာမယ်လို့
ငါ.. ထင်ထားခဲ့ပါ့မလား.. ချစ်သူ..

ငါတို့..
ကျောချင်းကပ်ရပ်နေမိတော့
ကမ္ဘာကြီးဘယ်လိုလည်လည်
ဘယ်တော့ဆုံနိုင်မှာမို့လဲ..

ဆုံနိုင်ခွင့်တွေ
ဝေးမနေပါဘဲ
ရှေ့တိုးဖို့မရဲခဲ့လို့
တို့နှစ်ယောက်လွဲခဲ့ပေမယ့်..
ကွဲခဲ့တဲ့အသည်းရင်ထဲထည့်ရင်း
လွမ်းရဲပါသေးတယ်.. ချစ်သူရယ်..

အလင်း VS အမှောင်


တဒင်္ဂလေးပါပဲ..
အရောင်တောက်နေတဲ့တိမ်တွေအောက်
ဆုံမှတ်တူတဲ့မျက်ဝန်းတွေမှာလဲ
တိမ်ရောင်တွေဟပ်ပြီး လင်းလက်လို့...

ဒါပေမယ့်..
တို့အတူရောက်နေခဲ့တာကတော့
အချင်းချင်းတောင်မမြင်နိုင်လောက်တဲ့
အမှောင်ကမ္ဘာထဲလေ...

Photo Credit to PPA.

အလင်းဝေးည

မှောင်အတိဥာဉ့်နက်သန်းခေါင်ထဲ
အလင်းရောင်မဲ့နေလိုက်ပုံများ
အိပ်မက်ထဲတောင်ပိန်းပိတ်လို့...

အဆုံးမဲ့အနာဂါတ်ကို
စိတ်ကူးနဲ့မျှော်ငေးမိပြန်တော့
ရယ်သံတွေတောင် ခြောက်ကပ်ကပ်နဲ့လေ..

အတိတ်လမ်းမှာတော့
ပျော်ခဲ့ဖူးတဲ့မှတ်တိုင်တချို့က
ကြယ်မှုန်လေးတွေလို တလက်လက်နဲ့
ဝေး.. ဝေးကျန်ခဲ့ပေါ့...

တိတ်ဆိတ်ခြောက်ကပ်နေတဲ့
ဟင်းလင်းပြင်အမှောင်လောကထဲ
လှမ်းလျှောက်ရင်းလမ်းပျောက်နေသူတွေအတွက်
ကောင်းကင်ရယ်..
လျှပ်စီးတချက်လောက်ဖြစ်ဖြစ်
လင်းလက်ပေးလိုက်ပါတော့..

ကာလန်ကူနီ

ခောတ်မှီနည်းတွေနဲ့
ရီဆိုက်ကယ်လုပ်ဖို့
အိပ်မက်ဟောင်းတွေ
ဈေးကောင်းပေးဝယ်တယ်..

ရင်ခုန်သံ
လတ်လတ်ဆတ်ဆတ်တွေကိုတော့
တစ်ပိဿာ
ထောင့်ငါးရာပေးမယ်..

အချစ်စစ်စစ်ဆိုရင်
မေတ္တာနုနုနဲ့
အလိုက်ပေးလဲတယ်..

အလွမ်းတစ်ပုလင်းကို
အနမ်းတစ်ခြင်းနဲ့
ဒဲ့လဲပေးတယ်..

အိပ်မက်ဟောင်းတွေအခါခါမက်ရင်း
ရင်ခုန်သံတွေလတ်ဆတ်ဆဲမို့
အချစ်စစ်ရဲ့သင်္ကေတ
အလွမ်းတွေသာပိုင်ဆိုင်နေရပါတယ်ဆိုသူတွေအတွက်
ဟောဒီမှာ လာပြီ..
ကာလန်ကူနီ..

Thursday, September 23, 2010

ရွှေ့ပြောင်းတောအုပ်














မိခင်ရဲ့ ရင်ကိုခွဲဖောက်
ဝေးနိုင်သမျှဝေးဝေးရောက်ဖို့
လေအစုန် အဟုန်စီးလို့
ခရီးအပြင်းနှင်ခဲ့တယ်...
ငါဟာ ... အတောင်ပါတဲ့သစ်စေ့လေး ...

မိခင်ဖန်ဆင်းပေးတဲ့အတောင်ပံတွေနဲ့
ငှက်တစ်ကောင် အယောင်ဆောင်ပြီး
လေဟုန်စီးလို့ ပျော်ခဲ့ရတာကခဏ ...
အရှိန်ရယ်ကုန်လို့
မြေတလင်း သက်ဆင်းရတဲ့အခါ ...
တစ်စက်မှမနွေးထွေးလေတဲ့
အစိမ်းသက်သက်မြေပြင်ရိုင်းက
အေးစက်စက် စောင့်ကြိုနေခဲ့တယ် ...

မှီတွယ်ရာမဲ့မြေပြင်ပေါ်မှာ
အမြစ်တွယ်အနေကျလို့
ဘဝအခြေလှနိုင်ဖို့အရေး
အတွေးအလုပ် အဟုတ်ခက်သလောက်
ရေကြည်တစ်ပေါက်သောက်ရဖို့တောင်
မလွယ်လှပါဘူး ...

အမြစ်တွယ်အပင်ပေါက်ခွင့်ရလို့
အရွယ်မရောက်သေးခင်ခဏမှာတင်
ပတ်ဝန်းကျင်ပေါင်းမြက်ရိုင်းတွေက
ဝါးမြိုလို့လက်စတုံးပစ်လိုက်ကြမှာကိုလဲ
စိုးခဲ့ရသေး ... ...

ဒါပေမဲ့ အမေ ... ...
ပူပင်မနေပါနဲ့
ဘယ်ရေမြေ ဘယ်အခြေရောက်ရောက်
ပေါက်ရောက်ရှင်သန်ပြီး
အောင်မြင်စွာပွင့်သီးနိုင်ဖို့အရေးတော့
အမေ့သားတွေ စွမ်းပါသေးတယ် ...

လေဒဏ်မိုးဒဏ် ကြံ့ကြံ့ခံရင်း
ရောက်လေရာမြေအရပ်မှာ
အမေပေးတဲ့ဇာတိမပျက်
တတ်နိုင်မျှကြိုးစားရင်း
ဝေဆာအောင်မြင်တဲ့သစ်တစ်ပင်အဖြစ်
ရပ်တည်ပြလိုက်ချင်သေးရဲ့ ...

ရင်ခွင်အခန်း

ချစ်ရသူရဲ့ ဥပေက္ခာဆိုတာ
အသွားထက်တဲ့ ဓါးတစ်လက်မှန်း
သိလိုက်ရတဲ့အချိန်မှာ
ကျွန်မနှလုံးသားက
တစ်စစီကွဲနေခဲ့ပြီးပြီ.....

ကျွန်မပြောသမျှစကား
မုသားရယ်လို့ ယုံမှတ်ထားသူကို
ဘယ်လိုရှင်းလင်းအောင်
ခင်းကျင်းပြသရမှာတဲ့လဲ

တကယ်ပါ....ချစ်သူ....
မယုံဘူးဆိုတာသိပါတယ်
ဒါပေမယ့်...
ရင်မှာတင်းကြပ်
အငြင်းခက်တဲ့ခံစားချက်တွေအကြောင်း
ပြောပြနေချင်သေးတယ်လေ...

နှလုံးသားနှင့်ရင်း၍



အရင်တုန်းက
တယုတယပြုခဲ့သမျှ...
ခုကျတော့လည်း
သမုဒယနွယ်တွေပါပဲ မောင်....

ရှောင်ဖယ်မရအောင်
နှောင်တွယ်မိနေတယ်ဆို
အချစ်မသိတဲ့ရှင်က
လှောင်ရယ်နေမလားပဲ...




အမုန်းကနတ္ထိ
အရှုံးသာအတိပြီးတာမို့
ပြုံးနေတဲ့အကြည့်မျိုးနဲ့လည်း
မကလိရဲခဲ့ပါဘူး...

မှန်းဆကြည့်ရင်တောင်
တမ်းတမိနေဆဲမို့
လွမ်းရတဲ့ရက်တွေဆိုတာလည်း
တွက်ရေလို့တောင်မရခဲ့ပါဘူး...

ပျော်ရာမှာမနေ
တော်ရာမှာနေရသူမို့
အဝေးရပ်က
ဆွေတသက်သက်နဲ့
ပေးအပ်လိုက်တဲ့ အချစ်တွေအတွက်
မှေးစက်ရာရင်ခွင်ကို
ပြင်ဆင်ပေးနိုင်သူက
သခင်....
ရှင်တစ်ယောက်ပဲ ရှိတာလေ...

လိုချင်တာကဆန္ဒ
ကြုံလာတာကဘ၀မို့
လိုအင်မပြည့်လို့လည်း
မငြိုငြင်ပါဘူး သခင်....
ရှင့်ဘ၀အခြေအနေ
ပျော်ပါစေလို့ပဲဆုမွန်ခြွေပါရစေ......
နှလုံးသားနှင့်ရင်း၍.................................

ဟန်ဆောင်ခြင်းရဲ့ရလာဒ်


ကဗျာကိုအလွမ်းနဲ့ဖွဲ့တာဟာ
တမ်းတခြင်းရဲ့နမိတ်
အဆွေးပုံရိပ်တွေသာဆိုရင်
ငါလေ...
မင်းကို... တမ်းတလွမ်းဆွေးနေရတုန်းပေါ့....

အမုန်းအမုန်းနဲ့
တချိန်လုံးဟစ်ကြွေးနေသမျှ
အလှဆုံးပြုံးရင်း
မာနတွေတင်းပြနေသမျှ
ရင်ထဲကဆန္ဒ.... တကယ်မဟုတ်ရပါဘူး...

ငါမကျွမ်းကျင်တဲ့ဟန်ဆောင်ခြင်းတွေနဲ့
ဖန်ဆင်းကာ မာန်တင်းနေရတာတွေ
မင်းကတော့... အလျှင်းမသိခဲ့ပါဘူးလေ...

အလွမ်းတွေရဲ့အနားသတ်
ပျော်ရွှင်ခြင်းကမ်းစပ်ကို
အပြင်းလှော်ခတ်သွားချင်ပေမယ့်
ဥပေက္ခာလှိုင်းကြမ်းတွေကြောင့်
ကမ်းနဲ့ဝေးရာကိုပဲ ပြေးခွာခဲ့ရတယ်....

ချစ်သူရေ.....
တကယ်ဆို ငါလျှောက်လှမ်းနေတာ...
မာနတွေခင်းထားတဲ့
အတ္တလမ်း ခပ်ကြမ်းကြမ်းပေါ့.....

လူပျောက်ကြော်ငြာ

ဝါဆိုမိုးပွင့်
ဆင်းလွင့်နေဆဲ
ဝသန်ရာသီ
တစ်နံနက်ထဲမှာပေါ့...

စာသင်နှစ်သစ်
ကျောင်းစဖွင့်မှာမို့
ကျောင်းတော်ကြီးဆီ
လှမ်းလို့ချီခဲ့သည်
ခပ်တည်တည်ပဲနော်...

ရဲဖော်ရဲဖက်
ကဲဖက်တော်အပေါင်းအား
ဒေါင်းတောက်မျှရှာဖွေစဉ်
ကျောင်းဝင်းမဟာ
လမ်းတစ်နေရာမှာ
ဆုံခဲ့တဲ့မျက်ဝန်း
လှရက်လွန်းတာကြောင့်
နှစ်သစ်အစမှာ
မေ့မရစရာဖြစ်ခဲ့ပြီ...

နောက်တစ်မနက်
ကျောင်းပြန်အတက်မှာ
နှလုံးသားသခင်
ထိုမျက်ဝန်းရှင်လေး
ရှာမယ့်အရေးတွေးကြည့်ပြန်တော့
ကျွန်မမှတ်မိသည်က
သူ၏မျက်ဝန်း
လှလွန်းသည်သာ
ရှိခဲ့ပြီမို့..............

****နေလောင် circuit တို့၏သမိုင်း ဆိုတဲ့ ကဗျာစာအုပ်လေးထဲက ကျွန်မရဲ့ကဗျာလေးပါ... ရူးလို့ကောင်းဆဲအရွယ်က ရေးခဲ့တာပေါ့... ****

အဖော်


"ချစ်တယ်" ဆိုတဲ့စကား
အလှအပတွေထုံမွှန်းထားတဲ့
ပန်ကြားလွှာလေးတစ်ရွက်
ရုတ်တရက် ဖတ်မိခဲ့တုန်းက
ကျွန်မရဲ့အဖော်က....... ရင်ခုန်ခြင်း...

ညအခါလေးဝေးရတာကို
တစ်ဘ၀ တစ်ကမ္ဘာလားတွေးရတယ်ဆိုတဲ့
စာပုလဲသွယ်တစ်ကုံး
အပြုံးနဲ့ဖတ်ခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က....... ကြည်နူးခြင်း...

"မေ့လိုက်တော့" ဆိုတဲ့စကား
တန်ဆာတွေဆင်မထားတဲ့
လမ်းခွဲစာလေးတစ်ရွက်
တုန်လှုပ်စွာဖတ်ခဲ့ရတုန်းက
ကျွန်မရဲ့အဖော်က........ ကြေကွဲခြင်း...

"မင်္ဂလာ" ဆိုတဲ့စကား
ပကာသနတွေခြုံလွှမ်းထားတဲ့
လက်ထပ်ဖိတ်စာလေးတစ်ရွက်
မျက်ရည်နဲ့ဖတ်နေခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က........ အထီးကျန်ခြင်း...

ကဲ.... ဘယ့်နှယ်လဲမောင်...
ရှင်ထားရစ်ခဲ့တဲ့ ကျွန်မ
ဘယ်တုန်းကမှ အဖော်မမဲ့ခဲ့ပါဘူး..နော်.....

****၂၀၀၄ သြဂုတ်လရဲ့ အပျိုစင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ ကျွန်မရဲ့ကဗျာဟောင်းလေးပါ****

Wednesday, September 22, 2010



အဲဒီညကပေါ့...
ငါ့ရဲ့ရင်ခုန်သံတွေဟာ
နာရီလက်တံတွေကို
တရွေ့ရွေ့ခိုစီးနေခဲ့တယ်...

ဒီဂရီသုံးရာ့ခြောက်ဆယ်ကို
အကြိမ်ကြိမ်လှည့်ပတ်မိတာနဲ့အမျှ
ငါ့မျှော်လင့်ချက်နံရံတွေလည်း
တစတစပြိုကျခဲ့ရပေါ့...

အလင်းရောင်ကိုတမ်းတစွာနဲ့
ခေါင်းမော့ကြည့်မိတော့
ဖြူဆုတ်ဆုတ်မျက်နှာကြက်က
ငါ့ကို လှောင်ရယ်နေတယ်...

သြော်...
နံရံခြောက်ခုရဲ့ကြား
ငါတစ်ယောက်တည်းပါလား...

ငါ့နံဘေးမှာတော့
ဆွံ့အနေတဲ့
တယ်လီဖုန်းလေးကလွဲလို့...........

ပန်းဘဝ

နေရောင်တွေမခ
အပူဒဏ်တွေဝေးလေစွရယ်လို့
အေးလှပြီမထင်လိုက်ပါနဲ့...

နေခြည်အောက်မှာ
ရွှေရည်လွှမ်းလို့လန်းဆန်းလိုပေမယ့်
ဒို့လေ...
လောင်းရိပ်မိတဲ့ပန်းရယ်မို့.......

အဲဒီနေ့က

အဲဒီနေ့က မိုးရွာနေခဲ့တယ်
သဲသဲမည်းမည်း
မစဲစတမ်း ပွဲကြမ်းခဲ့တဲ့မိုး...

အဲဒီနေ့က...
ငါ့နားထဲ အထပ်ထပ်ရိုက်ခတ်နေခဲ့တဲ့
ပဲ့တင်သံတွေဟာ
မိုးချုန်းသံတွေလား???
လွတ်လပ်ခွင့်ပေးပါတော့ဆိုတဲ့
နင့်ရဲ့တောင်းဆိုသံတွေလား???

အဲဒီနေ့က
ငါ့ပါးပြင်ပေါ်
အဆက်မပြတ် စီးဆင်းနေခဲ့တာတွေဟာ
ပူလောင်တဲ့ ငါ့မျက်ရည်တွေလား???
အေးစက်စက် မိုးရေတွေများလား???

အဲဒီနေ့က
ငါ့ရင်ဘတ်ထဲက နှလုံးသားအစုံဟာ
အချစ်လွန်လို့ နွံနစ်ခဲ့ရတာလား???
ကြင်နာလွန်းတတ်ခဲ့လို့
နာကျင်ခဲ့ရတာလား???

သေချာတာတစ်ခုကတော့..
အဲဒီနေ့ကမိုးရွာနေခဲ့တယ်
သဲသဲမည်းမည်း
မစဲစတမ်း ပွဲကြမ်းခဲ့တဲ့မိုး......

မူပိုင်



ကျွန်မရင်တွင်း
ခိုဝင်ဖွဲ့တည်
ရင်ခုန်ခြင်းသည်... မောင့်အတွက်...

ကျွန်မရင်တွင်း
တမ်းတဖြစ်တည်
မျှော်လင့်ခြင်းသည်... မောင့်အတွက်...

ကျွန်မရင်တွင်း
ခိုင်မာဆောက်တည်
ယုံကြည်ခြင်းသည်... မောင့်အတွက်...

ကျွန်မရင်တွင်း
ညင်သာစီးဆင်း
ကြင်နာခြင်းသည်... မောင့်အတွက်...

ခိုဝင်လာတဲ့ ရင်ခုန်ခြင်း..
တမ်းတမိတဲ့ မျှော်လင့်ခြင်း..
ခိုင်မာသွားတဲ့ ယုံကြည်ခြင်းနှင့်...
ညင်သာလွန်းတဲ့ ကြင်နာခြင်းအားလုံးတို့သည်..
ချစ်ခြင်းစေရာ မောင့်ထံသို့သာ.....

ဒီကဗျာလေးကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က မောင့်အတွက် မွေးနေ့လက်ဆောင်အဖြစ် ရေးပေးခဲ့တာပါ... ကျွန်မရေးတဲ့ ကဗျာတွေကို နားမလည်ဘူးဆိုလို့ အရိုးရှင်းဆုံးဖြစ်အောင် ကြိုးစားထားရတာလေ... ဒီကဗျာကိုတော့ နားလည်ပါသတဲ့... တော်သေးတာပေါ့နော်... :)

ခရေ



နှင်းအဆမ်းမှာ
ဖြန်းခနဲပွင့်
လန်းဆန်းမာန်ဝင့်မယ်မှမကြံသေး
လေသင့်ရာ ကြွေလွင့်ရပြီ
ဒို့လေ.... ခရေပွင့်လေးပေါ့....

မြေထက်ကကောက်ကာယူမယ့်...
ရွှေလက်ကိုတောင့်တနေဆဲ...
ဟော... ခြေတစ်ဖက်...
ဒို့... ကြေပျက်ရတော့မယ်လေ...

ရင်ခွင်ရဲ့အလင်း


အရင်တုန်းကပေါ့...
ငါ့ရင်ခွင်မြေတလင်းမှာ
လရောင်ကျင်းလို့လင်းခဲ့ဖူးပါရဲ့...

ရက်စက်မှုတိမ်လွှာအဖုံးမှာ
အမုန်းဆိုတာမရှိပေမယ့်..
ရှုံးပြီဆိုတဲ့အသိက
ရင်ကိုထိမှန်ပေါက်ကွဲစေတယ်...

လရောင်မရှိတဲ့
ညမှောင်အတိမှာ
လမ်းပျောက်လုဆဲ ငါ့ဝိဥာဉ်အတွက်...
နှလုံးသားကိုမီးစာတင်..
နှလုံးသွေးကိုလောင်စာပြုလို့..
ခုချက်ချင်းလောင်ကျွမ်းကာလင်းစေမယ်..
လမင်းရဲ့အလင်း....
မင်းမရှိလဲဖြစ်ပါတယ်...

ဒီကဗျာလေးက ဒုတိယနှစ်တုန်းက သူငယ်ချင်းတွေနဲ့ စုပြီး ပထမဆုံးထုတ်ဖြစ်တဲ့ နေလောင် circuit တို့ရဲ့သမိုင်းဆိုတဲ့ ကဗျာစာအုပ်ထဲကလေ... အဲဒီစာအုပ်ထွက်ပြီး နောက်တနေ့လဲကျရော ရည်းစားဟောင်းက ကိုယ်ပေးထားဖူးတဲ့ လက်ဆောင်တွေရော စာတွေရော ပြန်လာပေးသွားလေရဲ့... သူ့နာမည်က လရောင် တဲ့...