Thursday, August 30, 2012

ကိုယ်တိုင်ဖတ်ဖို့

အချစ်ဆိုတာ...

တချို့တချို့တွေအတွက်..
ပန်းသီးတစ်လုံးကို အဆိပ်တွေလောင်းပေးတဲ့
စုန်းမကြီးရဲ့မှော်အတတ်လိုမျိုး..

တချို့တချို့တွေအတွက်..
နှင်းဆီဖြူတွေကို ဇွတ်အတင်းအရောင်ပြောင်းပေးတဲ့
ဘာမှန်းမသိတဲ့ရောင်ခြယ်တွေ..

တချို့တချို့တွေအတွက်..
မီးသွေးခဲကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးတဲ့
အပူချိန်နဲ့ဖိအား..

တချို့တချို့တွေအတွက်..
အဖြူရောင်ကင်းဗက်စကို ဆေးရောင်စုံခြယ်သပေးတဲ့
ပန်းချီဆရာရဲ့လက်တွေ..

တချို့တချို့တွေအတွက်..
လိုရာရောက်အောင်လမ်းညွှန်ပေးတဲ့
လမ်းပြကြယ်လေး..

တကယ်တမ်းကိုယ်လိုချင်နေတာက..
အဆိပ်မထည့်ခင်က ပန်းသီး..
အဖြူသက်သက်နှင်းဆီပွင့်တွေ..
စိန်ပွင့်ဖြစ်မသွားခင်ကမီးသွေးခဲ..
ဆေးမစွန်းခင်ကအဖြူရောင်ကင်းဗက်စ..
ကြယ်မလင်းတဲ့မှောင်အတိကောင်းကင်..
ဘာကြောင့်ရယ်မှ ပြောင်းလဲမသွားသေးခင်က ပကတိဆိုတဲ့အရာ..

အဲသည်တော့..
ကိုယ့်အတွက်
အချစ်ဆိုတာ တကယ်ရောလိုအပ်ပါရဲ့လား..

ပွင့်မြူးဇင်
၃၀.၀၈.၂၀၁၂

Friday, July 27, 2012

ကဗျာမြစ်ဖျား



အတိတ်ရဲ့အရိပ်အငွေ့တွေရယ်..
ခံစားချက်တွေရယ်အပြည့်နဲ့နှလုံးသားကို..
အိပ်မက်တွေနဲ့ရံထားရင်း..
အနာဂတ်ဆီလှမ်းနေဆဲမှာ...

ပစ္စုပ္ပန်အမှန်တရားက..
အိပ်မက်တွေကိုတတိတိစားလာလိုက်တာ..
ငါ့နှလုံးသားလဲ..
ခပ်ပါးပါးပဲကျန်တော့တယ်...

နှလုံးသားနံရံပါးတွေက..
ခံစားချက်တွေကိုယိုစိမ့်ခွင့်ပြုလိုက်တော့..
စကားလုံးတွေအဖြစ်..
ခုန်ပေါက်စီးဆင်းစေလိုက်တာ..
ခုတော့...
ကဗျာမြစ်တွေကို ဝေလို့ဖျာလို့...

၂၇.၀၇.၂၀၁၂

Monday, February 27, 2012

ပါပဂြိုဟ်

ကြာသပတေးသမီးကျွန်မ
အသက်၁၉နှစ်မှာ ရာဟုဂြိုဟ်ထဲရောက်တယ်
ပါပဂြိုဟ်တို့ဘာသာဘာဝ
အဝင်များကြမ်းချက်တော့
ကျွန်မအသည်း ဟက်တက်ကွဲတယ်ပေါ့..

အဲသည်ကတည်းကစ
၁၂နှစ်တာကာလတလျှောက်
ကိုယ်ချစ်နဲ့သူချစ်တွေတလွဲ
ထပ်တူမကျနိုင်ခဲ့ဘဲနဲ့
အလွဲတွေနဲ့အသားကျလို့
အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်ခဲ့တယ်..

ကျွန်မရဲ့ရာဟုက
နှလုံးသားနုနုကိုမှ
ရွေးပြီးခိုက်ရသတဲ့လား..

အသက်၃၁နှစ်ကျမှ
ရာဟုလက်ကလွတ်မတဲ့..
ဟင့်အင်း..
မလွတ်ချင်လဲနေပါတော့
ကျွန်မက..
ပါပဂြိုလ်မှာ ပျော်နေတတ်ပြီလေ..

ပွင့်မြူးဇင်
၂၇.၁၂.၂၀၁၂

Wednesday, November 2, 2011

မြစ်

ဘ၀ကမြစ်တစ်စင်းဆိုရင်
အတားအဆီးတွေ့တိုင်း ကွေ့ပစ်လိုက်မယ်
ကွေ့တာကိုက မြစ်သဘာဝ..

ပွင့်မြူးဇင်
၂.၁၁.၂၀၁၁

Friday, October 21, 2011

နင်နဲ့ငါ

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်.. ထူးတယ်..
ရူးတယ်လို့တော့ မသတ်မှတ်ပါနဲ့
ရက်စက်ခဲ့တာလဲ
ကြာပဲကြာလှပေါ့..

မမေ့ချင်ပါဘူး..
မုန်းဖို့လဲ မကြိုးစားခဲ့တာယုံ..
ပုံပေးထားခဲ့တဲ့အချစ်တွေအတွက်
ခပ်စပ်စပ်ရိုက်ချက်လေးနဲ့
နာကျင်မှုတွေပေးခဲ့သူက
ခုတော့လဲ..
သူမဟုတ်သလိုပါပဲလား..

ချစ်သူရေ..
နင့်အတွက်ငါက
လွတ်တဲ့ငါးမို့ကြီးသတဲ့လား..
အရူးမလုပ်ချင်စမ်းနဲ့ကွယ်..
နင့်အတွက်ဆို
အလိုလိုအဆင်သင့်ဖြစ်နေချင်တတ်တာ
နင်အသိပဲမဟုတ်လား..

ငါ.. သတ္တိရှိပါတယ်..
မိုက်ရူးရဲတော့မဖြစ်ချင်ဘူး..
တနေ့နေ့ပေါ့ကွယ်..
နင်တည့်တည့်သာလျှောက်လာခဲ့..
လုံးနေတဲ့ကမ္ဘာကြီးရဲ့တနေရာမှာ..
ငါတို့..
မျက်နှာချင်းဆိုင်..
ပြန်ဆုံဖြစ်ဦးမှာပါ..

ပွင့်မြူးဇင်
၂၁.၁၀.၂၀၁၁

Wednesday, October 12, 2011

အရယ်ရဆုံးဟာသ

အသဲကွဲဖူးသလားတဲ့
အသဲခွဲဖူးသူကမေးတယ်...

နင်ခွဲလို့ကွဲဖူးတဲ့အသဲ
ဒဏ်ရာတွေတောင်မကျက်သေးဘဲ
သွေးသံတရဲရဲဆိုတာ
နင်တကယ်မမြင်ဘူးတဲ့လား..

ပွင့်မြူးဇင်
၁၂.၁၀.၂၀၁၁

Thursday, September 8, 2011

အိမ်ပြန်ချိန်

ဘယ်လိုအရာတွေကို
ဘယ်သကာတွေဘယ်လောက်ဖုံးဖုံး
အိမ်ပြန်ချိန်တွေသာ
ဘ၀မှာအချိုဆုံးပေါ့..

ခဏလေးပဲဆိုဆို..
အကြာကြီးပဲဝေးဝေး..
အတွေးထဲမှာတောင်
တဆောင်တယောင်နဲ့ခမ်းနားနေတတ်တာလဲ
အဲဒီအိမ်ပြန်ချိန်တွေပဲလေ..

မကြာတော့ပါဘူး..
မြေနီလမ်းလေးဆီ..
ဝါးရုံပင်ရိပ်ဆီ..
သရက်နဲ့သင်းတဲ့ခြံဝင်းလေးဆီ..
မျှော်နေမယ့်မျက်ဝန်းလက်လက်လေးဆီ..
ကိုယ်.. ရောက်အောင်ပြန်ခဲ့မည်..

ပွင့်မြူးဇင်
၇.၉.၂၀၁၁

Monday, September 5, 2011

မဖြေနိုင်သောမေးခွန်းများ

သားလေးကမေးတယ်
ဘယ်တော့ပြန်လာမှာလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

သူငယ်ချင်းကမေးတယ်
အသည်းကွဲဝေဒနာ ဘယ်လောက်ကြာရင်ပျောက်မလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

နှလုံးသားကမေးတယ်
နင့်အချစ်တွေဘယ်မှာလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

မသိစိတ်ကမေးတယ်
နင့်အတ္တတွေဘယ်တော့ကုန်မှာလဲတဲ့
ကျွန်မ..
မဖြေနိုင်ဘူး..

တကယ်တမ်းကျတော့
အဖြေမရှိတာမဟုတ်ဘူး..
အဖြေမသိတာလဲမဟုတ်ဘူး..

မဖြေချင်တာ..
မဖြေရက်တာ..
မဖြေရဲတာ..
အဖြေခက်တာ..

ထပ်မမေးကြပါနဲ့တော့..
ကျွန်မရဲ့ယုန်ကလေးကို
ခဏလေးဖြစ်ဖြစ်
နှာစေးနေခွင့်လေးပေးကြပါ..

ပွင့်မြူးဇင်
၀၅.၀၉.၂၀၁၁
၁၂း၂၅

Wednesday, August 24, 2011

...

အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...

ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..

နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..

ဘ၀လမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..

ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..

မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..

အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..

အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..

ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁

Friday, August 12, 2011

သူငယ်ချင်း (၃)

သူငယ်ချင်းရေ..
ပန်းပွင့်ကြွေတွေ လေထဲမှာတွေ့လား..
ဒီလိုကျတော့လဲ လောကကြီးက အလှသားပေါ့..

နင့်ရင်ထဲမယ်..
အချစ်ကြောင့်လွမ်း
အလွမ်းကြောင့်များနွမ်းနယ်နေလေရော့သလား..

ပြေးထွက်ခဲ့စမ်းပါ..
ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားစမ်းနဲ့..
လာ.. ဒီမှာ.. ကောင်းကင်ကြီးကပြာလို့..

မိုးတွေညိုလာတော့ကောဘာအရေးလဲ..
တိမ်မဲမဲတွေကမိုးရွာချတဲ့အခါ..
နင့်အလွမ်းတွေကိုပါမိုးရေနဲ့မျှောပစ်လိုက်..
မိုးစဲရင်ရောက်လာမယ့်နေခြည်အောက်
ခုန်ပေါက်ပစ်လိုက်စမ်း..

ကြိုးစားသမျှ အရာမထင်တာတွေ..
ပြန်မရလိုက်တဲ့ နားလည်မှုတွေ..
ထပ်တူမကျနိုင်တဲ့အချစ်တွေ..
အားလုံးခဏဘေးဖယ်ထား..
လောကကြီးကတရားပါတယ်..
နေ့မှာအလင်း ညမှာအမှောင်..
အယောင်ဆောင်တွေထည့်မတွက်ကြေးဆို
ဘယ်ညကမှ နေ့လိုမလင်းနိုင်ဘူးလေ..

အမှောင်ပြီးရင် ရောက်လာမယ့်အလင်းရယ်..
မုန်တိုင်းနောက်က လေပြေညှင်းလေးရယ်..
နုနုနွေးနွေး မိုးစဲနေလေးရယ်..
မြင်ယောင်ကြည့်လိုက်စမ်း..
တို့ကမ္ဘာကြီးက သာယာပါတယ်ဟာ..

သြော်.. ကျန်သေးတယ်..
နင်လိုအပ်နေတဲ့အချိန်တိုင်း..
တုံ့ဆိုင်းမနေနဲ့နော်..
ခေါင်းလေးတချက်သာငဲ့ကြည့်လှည့်..
နင့်သူငယ်ချင်းငါ..
နင့်ဘေးမှာပါလာစေရမယ်..

ပွင့်မြူးဇင်
၁၂.၀၈.၂၀၁၁

Friday, March 18, 2011

သူငယ်ချင်း

PPA:
ဖြစ်နိုင်ရင်လေ..
အလွမ်းတွေကိုလူကြုံပေးလိုက်ချင်တယ်..
မိုးစက်တွေကတဆင့်..

Myue:
ငါသာမိုးတိမ်ဆိုယူသွားပေးပါတယ်..
နင့်ချစ်သူဆီရောက်တဲ့အခါ..
ငါကိုယ်တိုင်ပျောက်ကွယ်သွားတဲ့အထိ ရွာချပေးလိုက်မယ်..

(Copy from chat history with my fri PPA)

Thursday, March 10, 2011

တောင်ပံတမ်းချင်း

ငါ...
ဘ၀ဆိုတဲ့ရေပြင်ကျယ်ကြီးရဲ့..
ပစ္စုပ္ပန်ကမ်းပါးမှာထိုင်ရင်း..
အနာဂတ်ကိုမျှားနေတယ်..
မျှော်လင့်ချက်ငါးမျှားတံမှာ..
အိပ်မက်တွေကိုငါးစာအဖြစ်နဲ့ပေါ့..

ငါ့နဘေးမှာတော့..
အတိတ်တွေက တောင်းတလုံးနဲ့အပြည့်..
ကြာပြီမို့ငြိမ်သက်သွားကြတာတွေရော..
လတ်လတ်ဆတ်ဆတ်မို့..
တဖျတ်ဖျတ်လူးနေဆဲတွေရော..

ရင်ဘတ်ထဲမှာကျတော့..
လောဘကြောင့်ရခဲ့တဲ့အားမာန်တွေရယ်..
ဒေါသကြောင့်ဖြစ်ရတဲ့အပူတွေရယ်..
မောဟကြောင့်မောမှန်းမသိမောရတာတွေရယ်..
သံယောဇဉ်ကြိုးခပ်တင်းတင်းတွေရယ်..

တနေ့နေ့ပေါ့..
အားလုံးကိုလွှတ်ချနိုင်ခဲ့တဲ့တနေ့ကျရင်..
လေဟုန်ကိုစီး အမြင့်ကြီးပျံနိုင်ဖို့..
အတောင်ပံတွေရကောင်းပါရဲ့လေ....

ပွင့်မြူးဇင်
၁၀.၀၃.၂၀၁၁

Monday, February 21, 2011

အကျဉ်းသား

ငါ...
အကျဉ်းကျနေတယ်..

ကိုယ်တိုင်မီးမထွန်းရဲတဲ့
မှောင်မဲမဲအခန်းကျဉ်းထဲမှာ..

ကိုယ်တိုင်တွန်းမဖွင့်ရဲတဲ့
ယိုင်နဲ့နဲ့တံခါးတချပ်နောက်မှာ..

ကိုယ်တိုင်ရုန်းမထွက်ရဲတဲ့
လျော့ရဲရဲပိုက်ကွန်အောက်မှာ......

၂၁.၂.၂၀၁၁

Wednesday, February 2, 2011

အိက်မက်ရူး

မောင် လို့ လွှတ်ခနဲအခေါ်
ဗျာ လို့ လှောင်ပြုံးနဲ့ နင်အထူးမှာ
ငါ စပြီးရူးခဲ့ရတာ
ခုဆို.. ကြာပဲကြာလှပေါ့..

ငါ့ဆံပင်ဖွတ်မြီးဖြားမှာ
နင်ပန်ပေးဖူးတဲ့ငွေပန်းလေးတွေတောင်
နွမ်းခြောက်ယုံမကလို့
မြေသြဇာဖြစ်လုပြီ..

တကယ်တမ်းကျတော့
ငါက..
အိပ်မက်ထဲမှာပဲ
နင့်ကိုချစ်ခွင့်ရသလို
နင်ကလဲငါ့ကို
အိပ်မက်ထဲမှာပဲ ချစ်သတဲ့လေ..

Wednesday, October 20, 2010

ဆန္ဒ

ဘာဆိုဘာမှ
ခုထက်ပိုမလိုချင်..

ဘာဆိုဘာမှ
ရှေ့ကိုကြိုမတွေးချင်..

ဘာဆိုဘာအတွက်မှ
နောင်တတွေမရချင်..

ဘာဆိုဘာကြောင့်မှ
ပျော်လည်းမပျော်ချင်..

ဆန္ဒရှိရာ ပြောစမ်းပါဆို
တခုတည်းပါ
ရှင်းရှင်းလေးပဲ..
ငါ.. အိမ်ပြန်ချင်တယ်..

မြူးမြူး
၂၀.၁၀.၂၀၁၀

Tuesday, September 28, 2010

ငြီးငွေ့ ခြင်းများ ၁

ခင်ဗျားတို့ အပြောများတဲ့
အသားအရေ ထိန်းသိမ်းခြင်းအကြောင်း
ငြီးငွေ့တယ်…

ဆံပင်တွေအတွက် ဗီတာမင်လိုတယ်လို့
အရေးတယူပြောနေတဲ့ကြား
နှလုံးသားတွေ ကျန်းမာသန်စွမ်းဖို့
ဘာလိုအပ်ပါသလဲ

ဗောက်ကင်းစင်လို့
ဘ၀ဟာပျော်စရာကောင်းသတဲ့လေ
နေပျော်ဖွယ်ရာ မကောင်းတဲ့အနှောက်အယှက်ဟာ
ဗောက်ထခြင်းသက်သက်ပဲတဲ့လား…

နေရောင်ဒဏ်ကာကွယ်ဖို့ ယူဗီခရင်အားကိုးတဲ့
အင်တာဗျူးခံ ဖြူနုချောဥ ကောင်လေးရယ်
လောကဓံကို ခုခံဖို့
ငါတို့ဘာသုံးရမလဲ

မီးကတော့ လွတ်လပ်ပေါ့ပါးတဲ့
ဖရီးစတိုင်ပဲကြိုက်သတဲ့
ငါတို့မနက်ဖြန်တွေ လွတ်လပ်ဖို့ရော
ဘာစတိုင်ဝတ်ရမလဲကွာ…

ကဲထားပါတော့
ခင်ဗျားတို့ အပြောများတဲ့
အသားအရေထိန်းသိမ်းခြင်းအကြောင်း
နောက်လထုတ်တစ်အုပ်အုပ်မှာ ပါဦးမှာ အသေအချာပဲ။ ။


Aniko
24 Feb 09
00:04 am

...

ပင်ပန်းလှပြီ..
မတူညီတဲ့အနားတွေကို
ဇွတ်အတင်းဆွဲညှိထားရလို့
ကွဲထွက်လုဆဲဆဲဗဟုဂံတစ်ခုကို
ရင်ဘတ်နဲ့ထိန်းထားရတာ
ပင်ပန်းလှပြီ..

နေရိပ်ကိုလိုချင်ရင်
နေပူထဲကစောင့်တဲ့
ငါ့မှာ ပူလောင်ရလွန်းလို့
အငွေ့ပျံပျောက်ကွယ်သွားတော့မတတ်ပေမယ့်..
နေရိပ်အေးအေးကတော့ ဝေးဝေးနေဆဲ..

ခြေကုန်လက်ပန်းကျနေတဲ့
ငါ့နှလုံးသားက
လက်လျှော့လိုက်ချင်ပြီဆိုတာကို
ဦးနှောက်ကထိန်းထားခဲ့လို့ရယ်..
ထပ်တိုးလာတဲ့ သံယောဇဉ်တစ်ကြိုးကြောင့်ရယ်
ငါ..
နောက်ဆုးံအချိန်အထိတော့
ကျားကန်ကြည့်ဦးမယ်..

Monday, September 27, 2010

ကျေးဇူးတင်လွှာ

ချစ်သူရေ...
မင်းက ထူးခြားတဲ့ ငါ့ရဲ့ ချစ်သူပါ...

မင်းဟာ...
တစ်ခါတစ်လေ အီကွေတာ.. တစ်ခါတစ်လေ ဝင်ရိုးစွန်း..
တစ်ခါတစ်လေ ပင်လယ်နက်.. တစ်ခါတစ်လေ ဧဝရက်..
တစ်ခါတစ်လေ ဟစ်တလာ.. တစ်ခါတစ်လေ မိုနာလီဇာ..
တစ်ခါတစ်လေ ဝိုင်တခွက်.. တစ်ခါတစ်လေ ချက်အရက်..
တစ်ခါတစ်လေ သူငယ်တန်းကဗျာ.. တစ်ခါတစ်လေ နိုင်ငံရေးသမိုင်း..
တစ်ခါတစ်လေ အီရတ်.... တစ်ခါတစ်လေ ရှန်ဂရီလာ..
တစ်ခါတစ်လေ ငလျင်မှတ်တမ်း.. တစ်ခါတစ်လေ မိုလေဝသကြေငြာချက်..
တစ်ခါတစ်လေ တိုက်တေနီယမ်... တစ်ခါတစ်လေ လစ်တမတ်စက္ကူ..
တစ်ခါတစ်လေ မက်မွန်သီး... တစ်ခါတစ်လေ ဝက်ဆီဖတ်..
တစ်ခါတစ်လေ ရွှေဥဒေါင်း... တစ်ခါတစ်လေ အကြည်တော်..
တစ်ခါတစ်လေ အောက်ဆီဂျင်.. တစ်ခါတစ်လေ နိုက်ထရိုဂျင်..
တစ်ခါတစ်လေ ............. ..................................
............................... ..................................

ချစ်သူရေ...
အရင်တုန်းက ငါဟာ သာမာန်ကျောက်ခဲတစ်လုံး ဆိုရင်တောင်
အပူချိန်နဲ့ရာသီဥတု အပြောင်းအလဲ ပြင်းထန်မှုကြောင့်
အဖိုးတန်အသွင်ပြောင်း ကျောက်ကောင်းကောင်းတစ်လုံး
ဖြစ်နေခဲ့ရောပေါ့......

PPA
12:06 AM
6/5/10

လွဲ

ရင်ခုန်သံတွေထပ်တူကျခဲ့ပါရက်နဲ့
မျက်ဝန်းကစကားကို
ဘာသာပြန်တချက်အလွဲမှာ
တသက်ခွဲဖို့ဖြစ်လာမယ်လို့
ငါ.. ထင်ထားခဲ့ပါ့မလား.. ချစ်သူ..

ငါတို့..
ကျောချင်းကပ်ရပ်နေမိတော့
ကမ္ဘာကြီးဘယ်လိုလည်လည်
ဘယ်တော့ဆုံနိုင်မှာမို့လဲ..

ဆုံနိုင်ခွင့်တွေ
ဝေးမနေပါဘဲ
ရှေ့တိုးဖို့မရဲခဲ့လို့
တို့နှစ်ယောက်လွဲခဲ့ပေမယ့်..
ကွဲခဲ့တဲ့အသည်းရင်ထဲထည့်ရင်း
လွမ်းရဲပါသေးတယ်.. ချစ်သူရယ်..

အလင်း VS အမှောင်


တဒင်္ဂလေးပါပဲ..
အရောင်တောက်နေတဲ့တိမ်တွေအောက်
ဆုံမှတ်တူတဲ့မျက်ဝန်းတွေမှာလဲ
တိမ်ရောင်တွေဟပ်ပြီး လင်းလက်လို့...

ဒါပေမယ့်..
တို့အတူရောက်နေခဲ့တာကတော့
အချင်းချင်းတောင်မမြင်နိုင်လောက်တဲ့
အမှောင်ကမ္ဘာထဲလေ...

Photo Credit to PPA.