
မိခင်ရဲ့ ရင်ကိုခွဲဖောက်
ဝေးနိုင်သမျှဝေးဝေးရောက်ဖို့
လေအစုန် အဟုန်စီးလို့
ခရီးအပြင်းနှင်ခဲ့တယ်...
ငါဟာ ... အတောင်ပါတဲ့သစ်စေ့လေး ...
မိခင်ဖန်ဆင်းပေးတဲ့အတောင်ပံတွေနဲ့
ငှက်တစ်ကောင် အယောင်ဆောင်ပြီး
လေဟုန်စီးလို့ ပျော်ခဲ့ရတာကခဏ ...
အရှိန်ရယ်ကုန်လို့
မြေတလင်း သက်ဆင်းရတဲ့အခါ ...
တစ်စက်မှမနွေးထွေးလေတဲ့
အစိမ်းသက်သက်မြေပြင်ရိုင်းက
အေးစက်စက် စောင့်ကြိုနေခဲ့တယ် ...
မှီတွယ်ရာမဲ့မြေပြင်ပေါ်မှာ
အမြစ်တွယ်အနေကျလို့
ဘဝအခြေလှနိုင်ဖို့အရေး
အတွေးအလုပ် အဟုတ်ခက်သလောက်
ရေကြည်တစ်ပေါက်သောက်ရဖို့တောင်
မလွယ်လှပါဘူး ...
အမြစ်တွယ်အပင်ပေါက်ခွင့်ရလို့
အရွယ်မရောက်သေးခင်ခဏမှာတင်
ပတ်ဝန်းကျင်ပေါင်းမြက်ရိုင်းတွေက
ဝါးမြိုလို့လက်စတုံးပစ်လိုက်ကြမှာကိုလဲ
စိုးခဲ့ရသေး ... ...
ဒါပေမဲ့ အမေ ... ...
ပူပင်မနေပါနဲ့
ဘယ်ရေမြေ ဘယ်အခြေရောက်ရောက်
ပေါက်ရောက်ရှင်သန်ပြီး
အောင်မြင်စွာပွင့်သီးနိုင်ဖို့အရေးတော့
အမေ့သားတွေ စွမ်းပါသေးတယ် ...
လေဒဏ်မိုးဒဏ် ကြံ့ကြံ့ခံရင်း
ရောက်လေရာမြေအရပ်မှာ
အမေပေးတဲ့ဇာတိမပျက်
တတ်နိုင်မျှကြိုးစားရင်း
ဝေဆာအောင်မြင်တဲ့သစ်တစ်ပင်အဖြစ်
ရပ်တည်ပြလိုက်ချင်သေးရဲ့ ...
No comments:
Post a Comment