Thursday, August 30, 2012

ကိုယ်တိုင်ဖြေဖို့


အချစ်ဆိုတာ...

တချို့တချို့တွေအတွက်..
ပန်းသီးတစ်လုံးကို အဆိပ်တွေလောင်းပေးတဲ့
စုန်းမကြီးရဲ့မှော်အတတ်လိုမျိုး..

တချို့တချို့တွေအတွက်..
နှင်းဆီဖြူတွေကို ဇွတ်အတင်းအရောင်ပြောင်းပေးတဲ့
ဘာမှန်းမသိတဲ့ရောင်ခြယ်တွေ..

တချို့တချို့တွေအတွက်..
မီးသွေးခဲကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးတဲ့
အပူချိန်နဲ့ဖိအား..

တချို့တချို့တွေအတွက်..
အဖြူရောင်ကင်းဗက်စကို ဆေးရောင်စုံခြယ်သပေးတဲ့
ပန်းချီဆရာရဲ့လက်တွေ..

တချို့တချို့တွေအတွက်..
လိုရာရောက်အောင်လမ်းညွှန်ပေးတဲ့
လမ်းပြကြယ်လေး..

တကယ်တမ်းကိုယ်လိုချင်နေတာက..
အဆိပ်မထည့်ခင်က ပန်းသီး..
အဖြူသက်သက်နှင်းဆီပွင့်တွေ..
စိန်ပွင့်ဖြစ်မသွားခင်ကမီးသွေးခဲ..
ဆေးမစွန်းခင်ကအဖြူရောင်ကင်းဗက်စ..
ကြယ်မလင်းတဲ့မှောင်အတိကောင်းကင်..
ဘာကြောင့်ရယ်မှ ပြောင်းလဲမသွားသေးခင်က ပကတိဆိုတဲ့အရာ..

အဲသည်တော့..
ကိုယ့်အတွက်
အချစ်ဆိုတာ တကယ်ရောလိုအပ်ပါရဲ့လား..

ပွင့်မြူးဇင်
၃၀.၀၈.၂၀၁၂


Friday, July 27, 2012

ကဗျာ့မြစ်ဖျား



အတိတ်ရဲ့အရိပ်အငွေ့တွေရယ်..
ခံစားချက်တွေရယ်အပြည့်နဲ့နှလုံးသားကို..
အိပ်မက်တွေနဲ့ရံထားရင်း..
အနာဂတ်ဆီလှမ်းနေဆဲမှာ...

ပစ္စုပ္ပန်အမှန်တရားက..
အိပ်မက်တွေကိုတတိတိစားလာလိုက်တာ..
ငါ့နှလုံးသားလဲ..
ခပ်ပါးပါးပဲကျန်တော့တယ်...

နှလုံးသားနံရံပါးတွေက..
ခံစားချက်တွေကိုယိုစိမ့်ခွင့်ပြုလိုက်တော့..
စကားလုံးတွေအဖြစ်..
ခုန်ပေါက်စီးဆင်းစေလိုက်တာ..
ခုတော့...
ကဗျာမြစ်တွေကို ဝေလို့ဖျာလို့...

၂၇.၀၇.၂၀၁၂

Monday, February 27, 2012

ပါပဂြိုလ်

ကြာသပတေးသမီးကျွန်မ
အသက်၁၉နှစ်မှာ ရာဟုဂြိုလ်ထဲရောက်တယ်
ပါပဂြိုလ်တို့ဘာသာဘာဝ
အ၀င်များကြမ်းချက်တော့
ကျွန်မအသည်း ဟက်တက်ကွဲတယ်ပေါ့..

အဲသည်ကတည်းကစ
၁၂နှစ်တာကာလတလျှောက်
ကိုယ်ချစ်နဲ့သူချစ်တွေတလွဲ
ထပ်တူမကျနိုင်ခဲ့ဘဲနဲ့
အလွဲတွေနဲ့အသားကျလို့
အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်ခဲ့တယ်..

ကျွန်မရဲ့ရာဟုက
နှလုံးသားနုနုကိုမှ
ရွေးပြီးခိုက်ရသတဲ့လား..

အသက်၃၁နှစ်ကျမှ
ရာဟုလက်ကလွတ်မတဲ့..
ဟင့်အင်း..
မလွတ်ချင်လဲနေပါတော့
ကျွန်မက..
ပါပဂြိုလ်မှာ ပျော်နေတတ်ပြီလေ..

ပွင့်မြူးဇင်
၂၇.၁၂.၂၀၁၂